ကိုယ့်ခေါင်းဟာ ပြတ်သွားတော့မှာ
လူကူးမျဉ်းကြားပေါ်မှာ ငါမင်းကို ဖျတ်ခနဲမေ့သွားတယ်
ဘဝမှာ အပျော်ဆုံးအချိန်ပေါ့။ ဒါပေမဲ့ အပျော်ဆုံးအချိန်တိုင်းမှာ
ပျော်တဲ့အသိကို မေ့တာက ဝမ်းနည်းစရာပဲ။
ဘယ်လောက်ပြောပြော လူစကားနားမလည်တဲ့
မင်းဓာတ်ပုံတွေကို ငါဆဲပစ်ခဲ့တယ် ဒါပေမဲ့လည်း ငါမကြားဘူး။
မင်းရဲ့ Android သူငယ်ချင်းတွေနဲ့အဝေး ငါထွက်ပြေးခဲ့တယ်။
ခန်းခြောက်နေတဲ့ ကတ္တရာလမ်းတွေဟာ
ဇိမ်မယ်တစ်ယောက်လို ဟွန်းသံတွေ အော်ညည်းနေတယ်
နေဟာ မီးလောင်နေတဲ့ နိုင်ငံတော်အလံလို အစွမ်းကုန် စွင့်ကားနေပေါ့။
လန်းဆန်းနေတဲ့ ဦးနှောက်ဟာ
ဘာကဗျာမှ ထွက်မလာဘူး
လန်းဆန်းနေတဲ့ နှလုံးသားဟာ
ကဗျာတစ်ကြောင်းရေးတိုင်း သွေးက ရေတံခွန်လောက် ထွက်လာတယ်။
ရန်ကုန်လမ်းမတွေပေါ်မှာ ငါ့သွားတွေဟာ မင်းနာမည်ကို ဟောင်နေတယ်
အမေဟာ ဘုရားစင်ပေါ်က အမွှေးတိုင်အနံ့ကို ရှိခိုးနေတယ်
အခန်းထောင့်မှာ ဗုဒ္ဓရုပ်တုက ငိုနေတယ်။
အိမ်မှာနေနေရင်း ကိုယ့်ကိုကိုယ်
သင်္ချိုင်းကုန်းတစ်ခုလို ရွံစရာကို လှအောင် ပြင်ဆင်နေရတယ်။
ငါဟာဘယ်နေရာမှာနေနေ တကယ့်ကို
လွယ်လွယ်ကူကူ ပတ်စဝေါ့မရှိ သေခြင်းဆိုးနဲ့ကို သေနေတော့တာပဲ။
ဗုဒ္ဓရုပ်တုကို ငါ ရေမွှေးဖြန်းတယ်
ပုလင်းထဲက ရေမွှေးတွေက ငါမော့သောက်လို့မပြီးခင်အထိ
"ကယ်ပါ"လို့ အဆက်မပြတ် အော်နေတယ်။
ငါ့လက်တစ်ဖက်ဟာ လှောင်အိမ်ပဲ မရောက်ဖူးသေးတဲ့
ဘာသာစကားတွေထိ အရောက်သွားဖို့ သူဟာ အဟန့်အတားပဲ။
ငါ့ခေါင်းဟာ မကြာခင်မှာ တိခနဲပြတ်သွားတော့မယ်
ဒါကို ငါသေသေချာချာ သိနေတယ်
ငါ့ခေါင်းဟာ တိခနဲ ပြုတ်ထွက်သွားတော့မှာပါ။
နေကြာပန်းတွေဝယ်ပြီး သမုဒ္ဒရာထဲ ပစ်ချတယ်
နာရီတွေ တစ်လုံးပြီးတစ်လုံး သမုဒ္ဒရာထဲ ပစ်ချတယ်
၄၈ နာရီ မအိပ်ဘဲနေတယ်
ဆယ်ထပ်တိုက်ပေါ်က ခုန်ချတယ်
လူသေတွေနဲ့ ရုပ်ရှင်ကြည့်တယ်
ကြည့်မရတဲ့ လူတွေကို ဂဏန်းပေါင်းစက်ပျက်တဲ့အထိ ထိုင်ရေတယ်
မင်းအကြောင်းမပါတဲ့ နေ့တစ်နေ့အထိမ်းအမှတ်အနေနဲ့
လမ်းထောင့်က ခွေးကို ဆောင့်ကန်ပစ်ခဲ့တယ်။
ဗုဒ္ဓက ငိုတယ်။
ငါက မငိုဘူး။
မောနွေ
၂၀၁၆၊ ဧပြီ
Comments
Post a Comment