ငါ့ဇာတ်ကောင်ကို ဘယ်သူသတ်သွားသလဲ (၁၂)
နွေရထားကို မင်းမုန်းခဲ့ပြီ။
မင်းနဲ့အဝေးကို မင်းလွင့်ထွက်သွားတော့
ဘေးမှာ
သူမ မရှိဘူး၊ ဘုရားကျောင်းနံရံတွေ မရှိဘူး၊ ဂလက်ဆီတွေ မရှိဘူး။

မင်းမျက်ရည်နဲ့ လာဘ်ထိုးပြီးရထားတဲ့
စိတ်ကူးဓာတ်လှေကားလေးပဲ ရှိတယ်။
စိတ်ကူးဓာတ်လှေကားလေးပဲ ရှိတယ်။
အမှောင်ထုထည်ဟာ
အလင်းအလျားနဲ့ အလင်းအနံတွေကို ဖွဲ့စည်းပြီး
မင်းရဲ့မျက်ရည်အကန်းတွေပေါ်မှာ
ပန်းကလေးရဲ့ရနံ့ကို ကုတ်ခြစ် တက်တူးထိုးခဲ့တယ်။

သူမဟာ မင်း ဒီဘဝမှာတင် တွေ့ခွင့်ရတဲ့
မင်းရဲ့နောက်ဘဝပဲလို့
ပန်းကလေးရဲ့ကိုယ်စောင့်နတ်က ပြောပေမဲ့။
အကုသိုလ်တွေက အသံတွေကို သတ်လိုက်တယ်
အသံတွေဟာ
သွေးစိမ်းရှင်ရှင်၊ သွေးပွက်ပွက်အန်၊ သွေးချောင်းစီးပြီး
သေခြင်းထဲကို ပန်းထွက်ကုန်ကြတယ်။

အသံရဲ့သွေးတွေဟာ
မင်းရဲ့မျက်ရည်တွေပေါ်လာစင်ပြီး
အဲဒီသွေးတွေကြောင့် မင်းလန့်နိုးလာပြီး
ဒဏ်ရာတွေဆီက ကဆုန်ပေါက်ပြေးထွက်ပြီး
နာကျင်မှု တိုက်ကြီးခုနစ်တိုက်လုံးကုန်တဲ့အထိ
*သေဝေးရှင်ဝေး*ထွက်ပြေးတယ်။
ထပ်လန့်နိုးတော့ မင်းရဲ့ပါးပြင်တစ်ဖက်တစ်ချက်စီမှာ
ပန်းကလေးတစ်ပွင့်ရဲ့မျက်ရည်နဲ့
ဇာတ်ကောင်တစ်ယောက်ရဲ့ မျက်ရည်တွေဟာ
ဝင်ရိုးစွန်းနှစ်ဖက်ဆီမှာ။ အေးခဲနေတာထက်ကို အေးခဲနေတော့တာပဲ။
အရှိတရားဆိုးတွေထဲကနေ လန့်မက်ဖို့ အိပ်မက်ထဲပြန်ပြေးဝင်ပုန်းလည်း
အိပ်မက်ထဲမှာတောင် ပန်းကလေးက မင်းကို အိပ်မက်မက်မနေတာ သိလိုက်ရတော့
ပင်လယ်အော်တွေ၊ တောင်တန်းအအ တွေ၊ ဒုက္ခိတမိုးတိမ်တောင်တွေ၊ လူသားစားအလွမ်းတွေ
ဟာ
မင်းကိုယ်တိုင် ပျောက်ဆုံးမှုထဲ ခုန်ချစေရတဲ့
ဘာမြူဒါစေတန်ရဲ့ ဖန်ဆင်းရှင်တွေပဲ။ ဆိုတာ

မင်းဟာ အသေ။
မင်းဇာတ်ကောင်ဟာ အသေ။
ပန်းကလေးတစ်ပွင့်ဟာ အသေ။
မင်းရဲ့အသေကောင်ဆန်ခြင်းဟာလည်း အသေ။
အသေကမ္ဘာရဲ့ကောင်းကင်မှာ အသေတွေထပျံသွားပြီး
ဓာတ်ပုံအရှင်လေးရဲ့မျက်နှာကြက်ပေါ်မှာ မီးပျံတွေစီးပြီး
ဘုရားသခင်ဆိုးတွေဟာ လူသေအက ကနေကြ၊
ထပ်ပြီး အဲဒီသိမှုပေါ်မှာ သူတို့ဟာ ပျော်ပါးနေကြတော့တယ်။

“ငါ့အပေါ်ရက်စက်တဲ့သူတွေကို
ပန်းကလေးနဲ့ တိုင်ပြောမယ်”
မုန်တိုင်း တိုးတိုးညင်းညင်းကလေးတစ်ခု မင်းခေါက်ထားတယ်။

“ကျွန်တော့်အတွက်တော့ ခင်ဗျားဟာ
ငရဲမှာ လာပွင့်တဲ့ ဘုရားပါပဲ ပန်းကလေးရေ”
“ကျွန်တော့်အတွက်တော့ ခင်ဗျားဟာ
ပုစွန်တောင်မှာ လာပွင့်တဲ့ ပန်းဘုရားပါပဲ ငရဲလေးရေ”

“ဖြစ်နိုင်ရင် သက်ရှိအားလုံးကို
နောက်ဘဝပို့ပြီး
ကျွန်တော်နဲ့ပန်းကလေးနဲ့နှစ်ကိုယ်တည်းပဲ ဒီဘဝမှာ နေချင်တယ်”လို့
မင်းကိုယ်မင်း ဆုပေးနေတုန်း
ပန်းကလေးကိုတပ်ဆင်ပေးဖို့ ရွေးချယ်ထားတဲ့
အရောင်တွေဟာ ဘာမြူဒါငရဲထဲ ကြွေကျသွားကုန်ပြီ။

ပင်လယ်ကူးသင်္ဘောကြီးတွေဟာ ဥသြဆွဲသွားကြပြီ။
ဝေးတယ်ဆိုတာ သူတို့အတွက် ဘာမှမဟုတ်ပေမဲ့
ကျွန်တော့်အတွက်တော့
အပ်ဖျားတစ်ထောက်စာ ဝေးဝေး၊ ဆုတ်ကပ်ပေါင်းကုဋေချီအောင် ဝေးဝေး၊
ကျွန်တော်ဟာ အလွမ်းတစ်ထည် ကိုယ်တစ်ခုနဲ့၊ စက္ကန့်ပေါင်းများစွာ
သက်ပြင်းပေါင်းများစွာ၊ ရာသီဥတုပေါင်းများစွာ၊ အခိုက်အတန့်ပေါင်းများစွာ၊
ခြားနားခြင်းထဲမှာ၊ ပန်းကလေးရဲ့ ကောင်းကင် ခေါင်းနဲ့ပန်းရဲ့
တစ်ဖက်ခြမ်းမှာ အမှောင်သေးသေးထဲမှာ၊ ကျွန်တော်ဟာ
ကိုယ့်ဇာတ်ကောင် ကိုယ်ပြန်သတ်သေပစ်ခဲ့ရမှာပါ။

ပင်လယ်ကူးသင်္ဘောကြီးတွေဟာ
ခွဲခွာသွားကြတယ်။
ကျွန်တော်လည်းမျက်ရည်ကူးသင်္ဘောကြီးတစ်စီးနဲ့ ခွဲခွာလာခဲ့ရတာပါပဲ။

ဘူတာရုံဟာ ဘယ်တော့မှ လာမှာမဟုတ်တဲ့
ရထားလမ်းကိုကျောခိုင်းထားတယ်။
အေးစက်တောင့်တင်းနေတဲ့
ဘီလူးဆောင်းတစ်ကောင်က
နွေရထားပေါ်မှာ မင်းကို ပစ်ထားခဲ့တယ်။
နွေရထားဟာ သူမ,ရှိရာကို ဘယ်တော့မှ မသွားတော့ဘူး
ပန်းကလေးဟာ နွေရထားရှိရာကို ဘယ်တော့မှ ရနံ့သီချင်းတွေ ဆိုမှာမဟုတ်တော့ဘူး
“စိတ်ကူးဓာတ်လှေကားလေးထဲမှာ ပျော်နေပါ ပန်းကလေးရေ”

ခေါက်ထားတဲ့ မုန်တိုင်းလေးဟာ
တွန့်ကြေသွားခဲ့ပြီ။
မကောင်းဆိုးဝါးပန်းတွေဟာ ပုဇွန်တောင်ကို
ငရဲဝေါဟာရနဲ့ကျိန်စာတိုက်ကြ။
ပုဇွန်တောင်ဟာ ဘာအညှိုးအတေးမှ မရှိဘဲ
ဓာတ်ပြိုကွဲလာပြီး
ရေတံခွန်မီးရောင်တွေဟာ မင်းရဲ့ ဖြစ်တည်မှုအငွေ့ကို တစ်ရွက်ချင်းချွေနေတော့တယ်
မင်းရဲ့အထီးကျန်မှုတွေကို ပုဇွန်တောင်က အများသုံးဖုန်းတစ်လုံးရဲ့ ပါးစပ်ပေါက်ကို
ငှားပြီး နှစ်ပေါင်းများစွာ ဝန်ချတောင်းပန်ခဲ့တာ၊ ရှိကြီးခိုး ဦးတိုက်ခဲ့တာ
နောက်ဆုံး ဘယ်တော့မှ ပြန်မလာနိုင်မှာသေချာတော့
ပုဇွန်တောင်ဆိုတာ တကယ်တော့ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတဲ့ စိတ္တဇကို မိုးပေါ်ထောင်ပစ်ပြီး
“တကယ်တော့ ခင်ဗျားရဲ့ပုဇွန်တောင်ဆိုတာ မန္တလေးပါဗျာ”ဆိုတာနဲ့အတူ
မင်း လွင့်ထွက်သွားတယ်။အဆုံးမရှိခြင်းဆီကို လွင့်ထွက်ခြင်းက ဦးတည်ပြီး
ထွက် ခွာ သွား တယ်။

မင်းရဲ့အဝေးကို မင်းလွင့်ထွက်သွားတဲ့အခါ
ဘေးမှာ နာနာဘာဝအတွေးတွေ နတ်ဆိုးတွေ ထရော်မာမိုင်ပေါင်းကုဋေဒီဂရီတွေ
ရှင်ကွဲကွဲခြင်း စစ်ပွဲတွေ ဒုက္ခပြာမှုန်တွေ မင်းဇာတ်ကောင်ထဲမှာ ပိတ်ဆို့နေတော့တယ်
ဇာတ်ကောင်ဟာ မင်းရဲ့ပုံတူပန်းချီကားထဲမှာ ပုန်းအောင်းနေပြီး
မင်းကို တဟားဟားရယ်မောနေတယ်
မိုးဟာ အိန်ဂျယ်တွေကို ရွာချလိုက်တယ်။
ငါဟာ **ငါ့ပန်းချီကားထဲ ငါရောက်နေတဲ့အခါ ငါ့ကိုယ်ငါ ဘာလုပ်နေလဲမသိတော့ဘူး**
ငါ့အမြဲရှိနေခြင်းဟာ ပန်းချီကားထဲမှာ၊ ဘာမြူဒါငရဲမှာ၊ ပုဇွန်တောင်မှာ၊
မီးတောင်ချော်ရည်တွေ ထိမှန်ထားတဲ့ လူနာတစ်ယောက်ရဲ့ ဒိုင်ယာရီထဲမှာ၊
စကြဝဠာတစ်ဖက်ခြမ်းက ပွင့်ချပ်လေးတစ်ချပ်ပေါ်မှာ
အမြဲသိမ်းဆည်းထားခဲ့တဲ့
ငါ … ဟာ…
ငါ့ဇာတ်ကောင်အခွံလေးထဲမှာပဲ သန္ဓေတည်ခဲ့ပါတယ်။

မောနွေ
ဧပြီ ၂၄-၂၆
For and Incarnation of Zar Ti
* - - - -* ကဗျာဆရာ ဇာတိ၏ စကားလုံး။
** - - - - ** ကဗျာဆရာ John Yau ၏
စာကြောင်းတစ်ကြောင်း။
Comments
Post a Comment