မက်ဆေ့ခ်ျတစ်စောင်စောင့်ရင် ဒါတွေအတွက်တော့ အချိန်ကုန်ခံ


ငါမပျော်ဘူး။
ဝက်ဘ်ဆိုက်ပေါ်တက်ရေးတော့လည်း
ဘယ်သူ သောက်ရေးလုပ်သလဲ။

အိပ်မက်ကပုပ်စော်နံနေပြီတို့ ဘာ
တို့ အဲဒီလိုအရေးအသားမျိုးတွေလည်း ရွံနေပြီ
စိတ်ကုန်တာမဟုတ်ဘူး ရွံတာ
မင်းက မက်မက်စက်စက်နမ်းနေတာကိုလည်း
ငါက ရွံလာလို့။ ကြိုးတစ်ချောင်း

အင်္ကျီဝတ်ထားတဲ့မိန်းမမြင်တော့ နေမထိထိုင်မသာ
ဖြစ်မိတာလည်းပါတယ် ဆက်ကြည့်ချင်တာလည်းပါတယ် မိုင်လီ
ဆိုင်းရပ်စ်က သူ့ပရိသတ်အတွက် အကောင်းဆုံးမေတ္တာတုံ့
ပြန်ချက်အနေနဲပ ရင်သားတွေ ပေးကိုင်သတဲ့။

ငါ့မှာ ဒဏ်ရာမရှိဘူး။
အမာရွတ်တောင် မရှိဘူး။
တက်တူးတွေပဲရှိတယ်။
အဲဒါတွေက ဘ၀ပေါ့။

ဝိုးတ၀ါးပါရီ မရှိသလို
ငါကလည်း ငြိမ်းချမ်းရေးအတွက်
ရှင်သန်နေတာမဟုတ်။ ငါပျော်သလို
နေတာပဲ။ မင်းကိုငါ

မချစ်တော့မှာ မင်းစိုးရိမ်တာထက်
ငါ့ကိုယ်ငါ ပိုစိုးရိမ်တယ်။ မိသားစုဖွဲ့ကဗျာတွေ
ရေးတဲ့ကဗျာဆရာ လူမှုရေးဖောက်ပြန်တဲ့အခါ သူအစား
သူ့ကဗျာတွေ မုန်းတယ်။

ငါဘာမှမပြောင်းလဲပါဘူး။
ငါ့အကြောင်းတွေပဲ ပြောင်းလဲခဲ့တာ။
အထီးကျန်မှုကလည်း အရင်လိုမဟုတ်တော့ပါဘူး။
အထီးကျန်မှုက ပျောက်ဆုံးနေတဲ့ သူ့ကိုယ်တစ်ခြမ်းကို
ရှာတွေ့သွားပြီတဲ့။ ဒီ ၂၀၁၄ ထဲမှာပဲတဲ့။

ပြီးတော့ သူကိုယ်တိုင်လည်း ကဗျာမရေးဖြစ်ပါဘူးတဲ့။
သူလိုကိုယ်လို ပြီးသွားတာတွေလည်း ရှိပါတယ်တဲ့
ရုပ်ရှင်ထဲမှာ အိပ်ရာထဲမှာ အများသုံးအိမ်သာမှာ ဘာမှ
မရေးတာက ကဗျာဖြစ်ရင်လည်း သိပ်ကောင်း
မှာပဲတဲ့ ။

ငါဟာ ဘာမှန်းမသိကျေနပ်နေတတ်သူပါ။
ချစ်တယ်ဆိုတဲ့စကား ပြောပါများလို့ ပါးစပ်ထဲ
ကုန်သွားတယ်လို့ မရှိပါဘူး။ ဒါပေမဲ့
မျှော်လင့်ထားသလောက် စကားလုံးတွေပဲ
ကြားရမယ်တို့။ ဘာတို့။ ၀က်ဘ်ဆိုက်ထဲ

ဘယ်သူမှ သောက်ရေးမလုပ်လည်း ရပါတယ်။
ငါ ဘုရားမဖြစ်ချင်တာ မဖြစ်နိုင်လို့ပါ
ငါ့ဖြစ်တည်မှုကဘာအဓိပ္ပာယ်ရှိလဲ.com က ငါ့ဝက်ဘ်ဆိုက်လိပ်စာပါ။



မောနွေ

သြဂုတ်၊ ၂၂၊ ၂၀၁၄
02:25 am


Comments

Popular Posts