သူမဟာညနေခင်းတစ်ခုဖြစ်ကြောင်း သေချာပြီးတဲ့နောက်


ကျွန်တော်ပန်းချီဆရာစဖြစ်တုန်းက
ဒီမှာ Internet မရသေးဘူး Justin Bieber မပေါ်သေးဘူး
ကမ္ဘာကြီးကလည်း ယာဉ်ကြောပိတ်ဆို့နေတဲ့အချိန်
ကျွန်တော်လည်း ဝင်ရိုးတစ်ခုပေါ်မရပ်တည်ရသေးတဲ့အချိန်
စာပို့ခိုလွှတ်ရင်း သူမဂါဝန်အနားစကိုတွေ့ခဲ့တယ်
အဲဒီတုန်းက ညနေခင်းက ခေါင်းပြတ်ကြီး
နောက် ဆန့်ကျင်ဘက်လိင်အမျိုးအနွယ်ဝင်
ကျွန်တော့်ဆီမှာ နှလုံးသွေးကြောကျဉ်းရောဂါခံစားရတဲ့နေ့တွေဆိုရင်
အိုဟားရားရဲ့ကဗျာတွေနဲ့ သူမရောက်ရောက်လာတယ်
“ရှင် ရှင့်ချစ်သူကို ရှင်ဖြူဖြူစင်စင်ချစ်ပါ။ ကျွန်တော့်ကိုတော့ လိင်ဆန္ဒအရပဲဖြစ်ဖြစ်ချစ်ပါ ”
အိုး... အဲဒီနောက်သူမကျွန်တော့်ကို ခေါ်သွားတော့တာပဲ
ကျွန်တော့်ကိုယ်ကျွန်တော်တောင် မမှတ်မိတော့တဲ့ သားရဲတွင်းတိုင်အောင်
ဒီအကြောင်းတွေတောင် ဘယ်သူမှမပြောပြဘဲ
ကျွန်တော်က ဘယ်လိုလုပ်သိနေရသလဲမသိတော့ပါဘူး
အမှောင်...တကယ်ကို ဘာသံမှမကြားရတော့ဘူး
အလင်းရဲ့ တစ်ဒေါက်ဒေါက် တံခါးခေါက်သံကိုကြားရမှပဲ
သူမနဲ့ကျွန်တော် ကိုယ့်စကြဝဠာထဲ ကိုယ့်ဆက်လက်စီးမျောခဲ့ကြတယ်
သူမလည်း အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမဟုတ်ရင်တောင်
စနေ၊ တနင်္ဂနွေနေ့တွေမှာ အချစ်ကိုသွေးအားဖြည့်မှာပဲ
ကျွန်တော်လည် စုတ်တံနဲ့မဟုတ်ရင်တောင်
နှလုံသားနဲ့တော့ သူမပုံတူပန်းချီတွေဆွဲဖြစ်ခဲ့တာပဲ
တစ်ခါပဲတွေ့ဆုံပြီး အကြိမ်ကြိမ်နှုတ်ဆက်ခဲ့ကြသူတွေဟာ
သူမနဲ့ကျွန်တော်ပေါ့
ဒီနေ့တော့ ထူးထူးခြားခြားသူမနဲ့တူတဲ့ ညနေခင်းတစ်ခုကိုပြန်တွေ့တယ်
ရှုနေတဲ့လေထဲမှာတောင် သူမဟာရနံ့တွေနဲ့လှလို့
ဘုရားသခင်ကလည်း ကျွန်တော့်အနားကိုလာပြီး
ပန်းတွေဟာဘယ်တော့မှ မသေကြောင်း၊ သေချင်ယောင်သာ ဆောင်တတ်ကြကြောင်း
တိုးတိုးလေးပြောပြတယ်
ကျွန်တော် ဘာမှပြန်မပြောဖြစ်ပါဘူး
ဘုရားဆီကသော့်တစ်ချောင်းတောင်းပြီးတော့ပဲ
သူမရဲ့အပြင်ကို ဖွင့်ထွက်လာခဲ့တယ်
လမ်းမပေါ်မှာ လူတွေဟာစည်းစည်းလုံးလုံးနာဖျားနေကြလို့
ကျွန်တော်ကတော့ ဘာမှထွေထွေထူးထူးမလုပ်ဖြစ်ဘဲ လမ်းဆက်လျှောက်လာခဲ့တယ်
ကျွန်တော်ပန်းချီဆရာမဖြစ်ခင်တုန်းက သူမကျွန်တော့်အနားမှာရှိတယ်
ကျွန်တော်ပန်းချီဆရာဖြစ်တော့ သူမမရှိတော့ဘူး
ပို၍ ကယ်လိုရီမျာပြားလာသော အစားအစာများ
ပို၍ အတိမ်းအစောင်းများပြားလာသော နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီများ။ ။

မောနွေ
( ၁၁-၁၂-၂၀၁၀ )


Comments

Popular Posts