သူ့အပေါ် သူတို့အပြော
ကောင်းမွန်တဲ့ ကျမ်းမာရေးဟာ တစ်နေ့ကို ၅မိုင်လမ်းလျှောက်ရေးဆို သူဟာ ပိုကောင်းတဲ့
၅မိုင်ကို ပြေးနိုင်ရမယ်၊ ဒါမှ ၂၀၁၅ မှာလည်း ကျမ်းမာနေမယ်၊ သူ့ရဲ့ဥပဓိရုပ်က
ထူးခြားတယ် ခေါင်းဆောင်ဖြစ်မဲ့ရုပ်မျိုး၊ ဟယ် သူ့အင်္ဂလိပ်စာအက်ဆန့်က ကောင်းလိုက်တာ
တစ်ကယ့်ဘိုတစ်ယောက် ပြောနေတဲ့ အတိုင်းပဲ၊ သူငယ်ငယ်ကဆို တော်တော်ချောမှာပဲ၊
စစ်တပ်တစ်တပ်လုံးပေါင်းတောင် သူတတ်ထားတဲ့ပညာကို မမှီဘူးဟေ့၊ အမျိုးမစောင့်တဲ့သူကို
ဘယ်တော့မှ မဲမပေးဘူး၊ လူ့အခွင့်အရေးသမား တစ်ယောက်အနေနဲ့ သူ့အနေနဲ့တော့
ကလေး၂ယောက်ပဲ မွေးခွင့်ပေးတာကို ဘယ်လိုလုပ် ခွင့်ပြုမှာလည်း၊ သူမို့ ကိုယ့်ကို
ကျွန်ပြုခဲ့တဲ့ လူမျိုးကိုယူတယ် အံ့ပါ့တော်၊ ဘာပဲပြောပြော သူဟာငါတို့ရဲ့ အမေ၊
အလကားပါအေ၊ လက်ပံတောင်းကိစ္စမှာ သူက ခုထုံးလုပ်ခံလိုက်ရတာ၊ ဘယ်ကသောက်ရူးပြောတာလည်း
သူက၀ှိုက်ကတ်ကိုင်ထားတာလို့၊ လေးတန်းတောင် မအောင်တဲ့ကောင်တွေက
နိုင်ငံတကာဘွဲ့ပေါင်းတစ်ရာကျော်ရထားတဲ့ သူ့ကို ၀ိုင်းပုတ်ခတ်နေတာ မြင်ရတာတောင်
ရင်နာတယ်၊ သူပ၀ါစည်းတဲ့ပုံက မြန်မာမဆန်ဘူး၊ တစ်ကယ့်အဖေတူသမီးပါပဲကွာ၊ သူ့ကို
အပြင်မှာ မြင်ဘူးတော့ ပိုလေးစားသွားတယ်၊ သူ့ရည်းစားဦးက ပါကစ္စတန်ကတဲ့ဟေ့၊ အသက်
၇၀ပြည့်ကာနီးမှ ကလေးဘ၀ကဟာတွေ ဟုတ်လား မှန်လားမသိတာတွေ စောက်ဖောင်းလာထုနေတယ်
တစ်ကယ့်မျက်ကန်းမျိုးချစ်ကောင်တွေပဲ၊ နိုင်ငံတကာကတောင် လေးစားရတာ၊ အိုဘားမားက
ယင်လပ်ထက် သူ့ကိုပိုချစ်တယ်ဆိုတာ ပြလိုက်တာပဲ၊ သူပြောသလိုပဲ
ဇော်ဂျီဖောင့်လေးနဲ့တော့ တိုင်းပြည်ကိုကယ်လို့ မရဘူးလေ။ “တို့တွေရင်ထဲ
လင်းစေနိုင်မဲ့ အပြုံးတွေ သူအမြဲပြုံးပြတယ်… သံမဏိလိပ်ပြာလေးပါကွယ်”၊ ဗေဒင်ပညာအရ
သူဟာ ၂၀၁၆ မှာလုပ်ကြံခံရမယ်၊ ဒါမှမဟုတ်ရင် ၂၀၂၀မှာ လုပ်ကြံခံရပါ့မယ်၊ သူ့အဖေလိုပဲ
သူဟာလည်း လုပ်ကြံခံရမဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ သူ့မှာ “ငါ့လူမျိုး” ဆိုတာ မရှိဘူး
လူသားမျိုးနွယ်စိတ် ဆိုတာပဲ ရှိတယ်၊ သူကတိုင်းပြည်အတွက် မြက်တစ်ပင်တောင်
စိုက်ခဲ့တာ မဟုတ်ဘူး ကျွန်တော့်ဗိုက်က သေနတ်ဒဏ်ရာနဲ့လဲပြီး သူရဘွဲ့ကို ယူလာခဲ့တာ၊
The Lady ထဲမှာ မလေးရှားတရုတ်နွယ်ဖွားမင်းသမီးကလည်းဟယ် နမ်းတာချည်းပဲ အခါ၂၀လောက်
ရှိတယ်၊ မြန်မာအမျိုးသမီး သိက္ခာကျပါဘိ။ ဒီပဲယင်းကိစ္စဖြစ်တော့
နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ဖြစ်ဖြစ်ပြီးချင်းမှာ သူဘယ်ရောက်သွားလဲ၊ အသက်ကော
ရှင်နေသေးရဲ့လားဆိုတာေ၀၀ါးပြီးစောင့်ကြည့်ခဲ့ကြတယ်၊ အဲဒီနောက်မှာ
သူ့ရဲ့နောက်လိုက်တွေကို ခေတ်သစ်နာဇီအုပ်စုတွေက ဒုက္ခပေးခဲ့တာဆိုတာပဲဆိုတာ
သိသွားကြတယ်၊ သူ့ရဲ့သတ္တိကိုလည်း တစ်ကမ္ဘာလုံးက မလေးစားဘဲ မနေနိုင်ခဲ့ဘူး၊ ရာဇ၀င် အတ္ထုပ္ပတ္တိလည်းရှိရမယ်
မော်ကွန်းလည်းထိုးလောက်တယ် မြင့်မြတ်တဲ့ …
မောနွေ
၂၀၁၄
Comments
Post a Comment