.


တေးသွားရဲ့ လက်ရင်းတွေကနေ ငါလျောဆင်းလာပြီး ခုန်ပေါက် ငါတိမ်စီးပြီး လိုက်ခဲ့မယ် ဟာသများ။ နင်မရှိခဲ့ရင်ဆိုတာလေး စိတ်ထဲပိုက်ပြီး အခန်းရဲ့ ထောင့်လေးမှာ ငါသေသေချာချာ သွားထိုင်လိုက်တယ်။ စိတ်ထဲမှာ မြည်သံလေး ရှိတယ်ကွယ်။ သရဲခြွေသွားတဲ့ ကြယ်လေးများအကြောင်းနဲ့ ကြောင်ဘဝက လာပါတယ်ဆိုတဲ့ အူကြောင်ကြောင် စကားစုလေးများ။ နင်ပြောတဲ့ တစ်လမ်းမောင်းဆိုတာ အလာနဲ့ အသွားဟာ ခေါင်းချင်းမဆိုင်မိခင် အထိပ်အလန့် စိတ်ကို စိတ်နဲ့ ကွေ့ချလိုက်သလို ရှောင်တိမ်း ဝေးပြစ်လိုက်ခြင်းလား။ ငါကြောက်တယ်။ မျက်ရည်ပူဖောင်းလေး ခံနိုင်ရည်ကိုင်းက လွတ်သွားသလို ငါအင်အားကုန်ဆုံးစွာ ချစ်လိုက်ရတာကို။ နိုးစက်ပိတ်လိုက်တဲ့ အသိစိတ်မှာ နင့်နာမည်ကို ငါတပြီးမှ နေ့သစ်ကို လွှတ်ပေးလိုက်တယ်။

ဖြစ်နိုင်ခြေရှိတာကတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးဆိုတဲ့ အသိဥာဏ်လင်းလင်းလေးကို ငါဘယ်တော့မှ မမှိတ်ရက်ဘူး။ နင်ရှိနေရင် ငါဟာ လင်းနေပြီး ငါမှိတ်ထားရင် နင်ဟာ အလင်းတွေနဲ့ရိုက်ခံထားရတဲ့ အိပ်မက်ဆိုးလို ငါ့ကို လှုပ်နိုးလိုက်ပါ။ ငါ့နှလုံးသားကို အကျဉ်းဆုံးထိ ချုံ့ထားခဲ့ရဲ့သားနဲ့ နင်ဟာ ဝင်လာခဲ့တယ်။

မင်းမယုံသလို ကိုယ်လည်း မသေချာတဲ့ စကားတွေ ပြောမနေချင်။ ပြောခဲ့မိရင်လည်း နင်တစ်ချက်လေးမှ ရပ်မသွားပါနဲ့။တိတ်ဆိတ်သွားချိန်တွေမှာ နားထင်ကို တေ့ပြီး မောင်းဖြုတ်သွားမယ့် အိပ်မက်ဆိုး အစုတ်ကြီးငာ့နားရောက်လာ တက်လို့ပာ။ အသက်ရှည်ရှည်နေထိုင်ခြင်းနဲ့ ငါ့မေတ္တာကို ခံယူပေးပါ။ ငါ့မျက်ရည်အခန်းတွေမှာ Mute key နှိပ်ပြီး ငါ့အမူအရာချည်းသတ်သတ် ကြည့်လိုက်တဲ့အခါ မင်းရယ်လိုက်မိမှာပါ။ နင့်အကြောင်းခေါင်းထဲမရောက်မိခင်မှာ ငါကငါနဲ့ နီးကပ်နေပြီး မင်းဆိုပြီး ရင်ထဲအသိရောက်လာတဲ့ခနမှာ အကွာအဝေးက သိပ်စကားများလာတယ်။

လမ်းတွေ လျှောက်ခဲ့ဖူးတာ မမှတ်မိတော့ဘူး နင်မပါခဲ့ ငါ့အတိတ်ဟာ တခြားတစ်ယောက်လို့ ငါထင်လာတာ ငါ့ရှင်သန်မှု ကုန်းရုန်းနေချိန်မှာ ပင်လယ်တံဆိပ်နဲ့ မျက်ရည်ကို နင် လွှတ်တယ်။ နောက်ဆုံးပေါ် မျက်ရည်ကို စာသားတွေအဖြစ်နဲ့ပဲ ငါ ထုတ်လုပ်လိုက်ပါတယ်။ ငါ့အီမိုးရှင်ဟာ နီလာတယ် အဝေးဆုံးဆိုတာနဲ့ ပက်ခံလိုက်ရတယ်။

အပင်တွေ သေဆုံးကုန်တဲ့ ကမ္ဘာမှာ သဘာဝတရားကလည်း မူးရစ်ရမ်းကားလို့။ ငါတို့ သေဆုံးလေ့မရှိတဲ့ ရာသီဥတု တခုကို အတူ စိုက်ကြတာပေါ့။ ညည့်နက်ချိန်မှာ မိုးဖွဲလေးနဲ့ နေ့လည်ခင်းမှာ အနွေးဓာတ် ဖျော့ဖျော့နဲ့ ညဦးပိုင်း ငါနမ်းလိုက်တဲ့ မင်းဆံပင်မှာ နှင်းတွေနဲ့ပေါ့လို့ပြောရင် မင်းရယ်ပြစ်လိုက်ဦးမှာပာ။ လျှောက်လမ်းလေး သေချာရှင်းထားရက်နဲ့ ငါ့သတိရစိတ်လေး ရူးကြောင်ကြောင်ခလုပ်ကို ဝင်တိုက်မိတယ်။ ငါတို့ ဘယ်တုန်းကမှ မဆုံခဲ့ဘူးလို့ အတူမဆုံချိန်တွေ တိုင်းမှာ မင်းကို ငါသတိရနေမှာ။ ငါတို့ မဆုံနိုင်ကြတော့ဘူးဆိုတဲ့ စိတ်မှာ နင်မသိအောင် ငါ မျက်ရည်ကြမိမှာ။ အထီးကျန်ရဲ့ နူတ်ခမ်းတွေကို ငါကိုက်ဖဲ့ပြစ်လိုက်မှာ။ အချိန်လွန်မှ ကမ်းကပ်လာတဲ့ တစ္ဆေသဘောင်္လို မီးဥသြသံ တဘော်ဘော်နဲ့ ငါဟာမှတ်ဥာဏ်ကြွက်သားတွေကို ဖျစ်ညစ်ပြီး နင့်ကို အော်ခေါ်နေမိတော့မှာပါ။

ငါဟာ အမှောင်အကျယ်ကြီးကြောင့် နားကန်းခဲ့ရင်တောင် နင် ငါ့အနားမှာ ချစ်တယ်လို့ တိုးတိုးလေးပြောပါ။ ငါ့ကိုယ်ငါ နင်နဲ့ပဲ စိတ်ချလို့ပါ။ ငါ့ကိုယ်ငါ နင့်ကို လာဘ်ထိုးချင်လို့ပါ။ မလိုချင်ဘူးဆိုရင်တောင် လိုချင်ယောင်ဆောင်ပေးပါ။ မျက်တောင်တစ်ခတ်ကို တစ်သံသရာလို့ ငါယုံအောင်ပြောပါ။ ဘာကိုမှ မယုံရဲလောက်တဲ့ အတွေ့အကြုံတွေပေးခဲ့တဲ့ ငါ့ အကန်းအလွဲတွေကို နင် တစ်စစီပြန်ဆက်ပေးပါ။ ငါ့ကို မျက်တောင်လေးနဲ့ ရိုက်ပါ။ ငါ့ရဲ့ ပြုတ်ထွက်သွားတဲ့ အခြမ်းလေးတွေကို မျက်ရည်ကော်လေးနဲ့ ပြန်ဆက်ပေးပါ။ ငါဟာ ငါလို့ နင်ပြောပါ။ ငါ့ကိုယ်ထဲကို နင့်ထွက်သက်ထဲက "ငါ"ဆိုတဲ့ အသက်ဓာတ်ထည့်ပေးပါ။ ငါဟာ ပျောက်ဆုံးခဲ့ရင်တောင် နင်တွေ့ချင်ယောင်ဆောင် ပေးပါ။ အိပ်မက်က လန့်နိုးမယ်ဆိုရင်တောင်ငါက မေ့ပစ်တာလို့ ပြောပြီး နင်က မမှတ်မိတော့တာလို့ ဆင်ခြင်ပေးပါ။

ငါ့စကားလေးတွေက စိတ်ပင်ပန်းလို့ လမ်းဘေးလဲပီး လမ်းပေါ်လွင့်တက်သွား။ ငါ့ကိုနင်းသွားတဲ့ ခြေထောက်တွေကို ငါဖိနမ်းနေရင်း နွေရာသီဟာ ငါ့ခေါင်းပေါ် သစ်ရွက်ခြောက်တွေ လာတင်သွားတယ်။ ဒီမှာနွေဟာ အပူရှိန် အရမ်းများတယ်။ ညဘက်မှာလည်း လရောင်ဟာ ငါ့ဆီကို မလာခဲ့ပာဘူးကွာ။ ငာပဲ တကူးတက တံခားဖွင့်ပြီး သွားငေးရတာပါ။ မသိစိတ်ကအနီးနားမရှိတဲ့ နင့်ကို လက်ကမ်းလိုက်မိရင် အဲ့လက်မှာ ကျမနဲ့ အဲ့လူဟာ မိုင်ပေါင်းများစွာလို့ ရေးမပေးလိုက်ပါနဲ့။ ဘဝရဲ့ အရာရာကို ပစ်ပြီး ငါးလေးတကောင်ကို ငာသိမ်းထားချင်ယုံပာ။ နင်ပုန်းခိုင်းတဲ့ နေရာမှာ ငါတစ်သတ်လုံး တိတ်တိတ်လေးနေနေမှာပါ။ နင်လိုက်ရှာပါ့မလား။မင်းမှုတ်ထုပ်လိုက်တဲ့ နီကိုဒင်းတွေက ငါ့စိတ်မှာ အနည်လာကျတယ်။မင်းက ကိုယ့်ကို ကိုက်သွားတဲ့ ကြယ်ငါးပဲ။ ဒုက္ခဟာ ပိတ်ကားပေါ်မှာ တစ်ချိန်လုံး ရယ်ပြနေတယ်။ အလွမ်းတွေပြည့်နေတဲ့ ဝေးကွာခြင်း ရုပ်ရှင်ဟာ တစ်သတ်လုံး ရုံမဆင်းတော့ဘူး။ တကယ်ပါ။ ကိုယ်ဟာ ဝမ်းနည်းဖွယ်ရာ ဓာတ်ပုံတွေ မရိုက်တော့ဘူး။ ငါရယ်နေတဲ့ပုံ ဒါဟာ မင်းရဲ့ ဆဲလ်ဖီပေါ့။

မင်း တရေးမှ မနိုးပဲ နှစ်ခြိုက်စွာ အိပ်သွားတဲ့ ညတွေကို ငေးရင်း ငါပျော်တက်လာတယ်။ ပြတင်းဘောင်ပေါ် ကော်ဖီခွက်လေးတင်ပြီး မင်းအိပ်ပျော်နေပုံလေးကို ငါဖမ်းထားတယ်။ တစ်ဖြည်းဖြည်းမြင့်တက်လာတဲ့ 1 hr/2hr ago တွေက ငါ့ကို နှစ်သိမ့်မှု့ပေးတယ်။ မင်းမျက်ခွံနေရာလေး ငါလှမ်းနမ်းလိုက်တယ်။ ပူသွားတဲ့ ကော်ဖီစို နှုတ်ခမ်းဟာ မင်းကို ပြုံုးပြနေပာတယ်။ ငါခုန်ဆင်းလိုက်လို့ ကျိုးသွားတဲ့ လက်ရင်းနေရာ မင်းအပြုံးနဲ့ ပြန်တန်းပေးပါ။


မောနွေ | ဇက်ကကြိုး
2016

Comments

Popular Posts