ကျွန်တော်တို့လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ


ကျွန်တော်တို့လွဲချော်သွားကြရင် ဘယ်လိုလုပ်ကြမလဲကွဲ့
ကျွန်တော်တို့ဟာ လွဲချော်သွားကြတော့မှာ ။
အဲဒီလိုဝမ်းနည်းစွာပါပဲ ငါလေ့လာခဲ့ရတယ်
ကျွန်တော်တို့အားလုံး လွဲချော်သွားကြရင်
မင်းရယ်၊ ငါရယ်၊ ကမ္ဘာကြီးရယ်၊ အရာအားလုံးရယ် လွဲချော်သွားကြရင်
ငါတို့တစ်ခုခုကို မလုပ်ရသေးခင် တစ်ခုခုဖြစ်သွားရင်
တစ်ယောက်မျက်နှာကို တစ်ယောက်က ငရဲမီးနဲ့ပက်မိသွားရင်
ငါတို့ တစ်ယောက်ကိုယ်တစ်ယောက် အဓိပါယ်တွေပေါက်ပြဲကုန်ရင် ဘယ်လိုလုပ်မလဲ
ခင်ဗျားက No Proxy ၊ ကျွန်တော်က 192.168.1.201 နဲ့
ခင်ဗျားဆီက ရိုက်ထည့်လိုက်တဲ့စာသားဟာ ကျွန်တော့်ဆီကိုရောက်ဖို့ ၃ စက္ကန့်လောက်ကြာတယ်
ခင်ဗျားစာကိုမြင်ရင် ဦးနှောက်ထဲကို အချက်အလက်ရောက်ဖို့  ၀.၄ စက္ကန့်ကြာတယ်
ကျွန်တော်တို့ လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ
အချစ် မင့်အင်္ဂါနဲ့ ငါ့အင်္ဂါထိတွေ့တဲ့အခါ ဘာအရသာထွက်မလဲဆိုတာ သိနေကြတာပဲ
အခန်းလွတ်တစ်ခုထဲ တို့နှစ်ယောက်ဖြူစင်သန့်ရှင်းစွာ နေကြတာကိုတွေ့တဲ့အခါ
လူတွေက ဘာလို့အထင်သေးကြတာလဲ
ဇွန်လ ၁၆ ရက်နေ့ ငါ့မွေးနေ့ရှိတယ် မင်းက ဘယ်နေရာကိုရောက်နေမှာလဲ
ငါတို့လွဲချော်သွားကြတော့မှာပဲ
မင်းနည်းနည်းလေးမှ မတုန်လှုပ်ဘူးလား
နည်းနည်းလေးမှ ငါ့ကိုဖက်တွယ်မထားချင်ဘူးလား
မင်းနဲ့ငါချစ်ကြတာ ဘုရားသခင်အလိုတော်အတိုင်းဆိုတာ သေချာလို့လား
ကိုယ့်သဘောနဲ့ ကိုယ်ချစ်ခဲ့ကြတာမဟုတ်ဘူးလား
အချစ်ဆိုတာ ငါ့အတွက်တော့ မင်းရဲ့နားရွက်ကားကားလေးတွေကို ဖွဖွလေးကိုက်ချင်ရုံပါပဲဆိုတာ
မင်းမသိခဲ့ရင် ငါဘယ်လိုလုပ်ရမလဲ
မင်းရဲ့ လိုအင်ဆန္ဒပြီးမြောက်မှုကကော ဘာလဲ
အချစ် စာချုပ်တစ်ခုပေါ်မှာ ဘဝကိုချည်နှောင်ထားသောစာသားများအောက်မှာ
ငါမထိုးရဲသေးတဲ့ လက်မှတ်တစ်ခု
အဲဒီလိုအဓိပ္ပါယ်ဖွင့်ဆိုမှုကြောင့် ငါတို့လွဲချော်သွားခဲ့ရင်
မင်းဟာ ငါ့ထက်ပိုရုပ်ချော၊ ပိုချမ်းသာတဲ့ အဲဒီလူတစ်ယောက်နဲ့လက်ထပ်ဖြစ်ခဲ့ရင်
မွေးလာတဲ့ ကလေးကို “သစ္စာတရား” လို့နာမည်ပေးပါ
ငါတို့လွဲချော်ကြတော့မယ်
အရာအားလုံးဟာ လွဲချော်မှုကြီး
အရာအားလုံးဟာ Uncertainity Theory
အထီးကျန်တယ်ဆိုတာ အထီးကျန်လို့ ငါချရေးလိုက်တဲ့ စာသားတစ်ကြောင်းပေါ့
မင်းကဘာလို့ ငါ့ထက်ပိုသိချင်နေရတာလဲ
မင်းဓါတ်ပုံထဲက ပျော်ရွှင်နေတဲ့မျက်လုံးထဲမှာ သူစိမ်းတွေကို
မကြောက်မရွံခင်တွယ်နေခြင်း ရနံ့ကိုငါရတယ်
မင်းဟာ ဘာလို့ တစ်ယောက်တည်း ကော်ဖီဆိုင်ထိုင်တတ်သွားရတာလဲ
ငါဟာတဖြည်းဖြည်းနဲ့ မင်းဆီကနေ ကွာကျလာသလိုပဲ
ငါမပြောဘူးလား
ငါတို့ဟာ လွဲချော်သွားတော့မှာ
ငါတို့ လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ
မင်းနည်းနည်းကလေးတောင် မတုန်လှုပ်ဘူးလား
မင်းနည်းနည်းကလေးတောင် မကြောက်ရွံ့ဘူးလား
*ငါလက်ကိုဆုပ်ကိုင်ပြီး ငါနဲ့အတူလိုက်ငိုပါ*
ငါတို့လွဲချော်သွားကြရင်ဘယ်လိုလုပ်မလဲငါတို့လွဲချော်သွားကြရင်
တစ်ခုခု…
ဘာဆက်ရေးရင် ကောင်းမလဲ


မောနွေ 


* --- * ကဗျာဆရာ ဇေယျာလင်းရေးခဲ့သော ကဗျာတစ်ပုဒ်၏ ခေါင်းစဉ်ဖြစ်ပါသည်။

Comments

Popular Posts